မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန်ကာလမှစတင်ပြီး သုံးစွဲလာခဲ့သည့် Topographical Map များမှာ Lambert Projection အရိပ်ချစနစ်ဖြင့်ရေးဆွဲ ထားသည့် မြေပုံများဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံကျယ်ဝန်းမှု အနေအထားသည် အရှေ့နှင့်အနောက် ဆန့်တန်းမှုထက် တောင်နှင့်မြောက် ဆန့်တန်းမှုတွင် ပိုမိုရှည်လျားသည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တောင်နှင့်မြောက် ဆန့်တန်းမှု ရှည်လျားသည့် နိုင်ငံများအတွက် သင့်တော်မှုရှိသည့် UTM မြေပုံ အရိပ်ချစနစ်ကို အသုံးပြုပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးအတွက် ၁:၅၀,၀၀၀ စကေး မြေပုံ (၁၁၃၄) ချပ်၊ ၁:၁၀၀,၀၀၀ စကေး မြေပုံ(၃၂၂) ချပ်နှင့် ၁:၂၅၀,၀၀၀ စကေး မြေပုံ(၉၃) ချပ် ကို တိုင်းတာရေးဆွဲ ထုတ်ဝေခဲ့ပါသည်။
Lambert မြေပုံများကို ကတော့အရိပ်ချစနစ် (Conical Projection) ဖြင့်ရေးဆွဲပြီး UTM မြေပုံများကို ဆလင်ဒါပုံအရိပ်ချစနစ် (Cylindrical Projection) ဖြင့် ရေးဆွဲထားခြင်းဖြစ်ပါသည်။ မြေပုံရေးဆွဲရာတွင် Everest Ellipsoid Datum ကိုပင် ဆက်လက် အသုံးပြုလျက်ရှိပါသည်။
UTM မြေပုံထုတ်လုပ်ပုံအဆင့်ဆင့်
မြေတိုင်းဦးစီးဌာန၏ UTM မြေပုံထုတ်လုပ်ပုံလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ကောင်းကင်ဓါတ်ပုံရိုက်ကူးခြင်း၊
(၂) ကွင်းတိုင်းတာခြင်း၊
(၃) မြေပုံကြမ်းရေးဆွဲခြင်း၊
(၄) ကွင်းဆင်းစစ်ဆေးခြင်း၊
(၅) မြေပုံချောရေးဆွဲခြင်း၊
(၆) မြေပုံ ပုံနှိပ်ခြင်း၊
(၇) အရည်အသွေးစစ်ဆေးခြင်း၊