သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် စဉ်ဆက်မပြတ်တိုင်းတာလျက်ရှိသော ရည်ညွှန်းမှတ်တိုင် (စဉ်ဆက်မပြတ်လည်ပတ်မှု ကိုးကားစခန်း) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၀၁/၄)အနီးတွင် တည်ဆောက်ထားသည့် စဉ်ဆက်မပြတ်တိုင်းတာလျက်ရှိသော ရည်ညွှန်းမှတ်တိုင် (Continuously Operating Reference Station - CORS) NPT2 သို့ ရောက်ရှိစစ်ဆေးခဲ့ရာ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုအပေါ်  ဒုတိယဝန်ကြီးမှ မှတ်တိုင်များကို နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း (၄)တိုင်နှင့် ပြင်ဦးလွင်မြို့တွင်(၁)တိုင် စုစုပေါင်း (၅)တိုင်တည်ဆောက်ထားပြီး ဂြိုဟ်တုဖြင့်ချိတ်ဆက်၍ ၂၄ နာရီပတ်လုံး တိုင်းတာနေသည့် မှတ်တိုင်များဖြစ်သည့်အတွက် စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးပါကြောင်း၊ CORS မှတ်တိုင်များဖြင့် Network ဖွဲ့စည်းကာ Network RTK နည်းစနစ်ဖြင့် တိုင်းတာနိုင်ပါကြောင်း၊ တိကျမှုအဆင့်အတန်းအလွန်မြင့်မားပြီး Accuracy ကောင်းမွန်သဖြင့် အချိန်ကုန် သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊ တိုင်းတာရေးကိရိယာ ဝယ်ယူရမှု သက်သာခြင်း၊ တိကျမှု မြင့်မားခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် အထူးအလေးထား၍ ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းအနီးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူ များက လိုက်လံရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ကာလအတိုင်း အချိန်မီပြီးစီးစေရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

Go to top